ဦးစောသွင်၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ မေးခွန်း

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၉ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးစောသွင် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ရွာသာယာကျေးရွာအုပ်စုတွင် (၁၆)ခုတင်ဆံ့တိုက်နယ်ဆေးရုံအား (၂၅)ခုတင်ဆံ့တိုက်နယ်ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ခုတင်(၂၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး(၁)ရုံ၊ (၂၅)ခုတင်ဆံ့ စကုဆေးရုံ(၁)ရုံ၊ ရွာသာယာတိုက်နယ်ဆေးရုံနှင့် မုန်တောင်တိုက်နယ်ဆေးရုံ၊ စုစုပေါင်း ဆေးရုံ(၄)ရုံဖွင့်လှစ်ထားရှိပါတယ်။ ရွာသာယာတိုက်နယ်ဆေးရုံသည် မကွေးပြည်သူ့ဆေးရုံကြီးနှင့် (၁၁)မိုင်၊ မင်းလှမြို့နယ်ဆေးရုံနှင့်(၁၀)မိုင်၊ မင်းဘူးပြည်သူ့ဆေးရုံကြီးနှင့် (၉)မိုင်ခန့်သာကွာဝေးပါတယ်။ ရွာသာယာတိုက်နယ်ဆေးရုံ၏ (၃)နှစ်အတွင်း တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေမှာ (၈)ဦးသာရှိပြီး၊ ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းမှာ (၄၉%)သာရှိပါကြောင်း စိစစ်တွေ့ရှိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ချက်များအရ ဆေးရုံအဆင့်မြှင့်တင်ရန် (၃)နှစ်အတွင်း ခွင့်ပြုခုတင်အသုံးပြုမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်လျက်ရှိပါသဖြင့် လတ်တလော(၂၅)ခုတင်ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များ တိုးတက်လာပြီး စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့်အချိန်တွင် ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ပါကြောင်း လက်ရှိတွင်လည်း လိုအပ်လျက်ရှိသည့် ဆေးရုံအဆောက်အအုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ဆောက်လုပ်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top