မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တွင် ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မန္တလေးမြို့၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်

ကမ္ဘာ့ပဋိဇီ၀ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ Hotel Sakura Princess တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးအောင်ကြည်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဒုတိယဥက္ကဌ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာတင်တင်မိုး၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ကိုယ်စားလှယ်၊ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)၊ သူနာပြုတက္ကသိုလ် (မန္တလေး)၊ ဆေးဝါးတက္ကသိုလ်(မန္တလေး)၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)၊ အခြေခံကျန်းမာရေး တက္ကသိုလ်၊ တိုင်းရင်းဆေးတက္ကသိုလ်တို့ မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး နှင့် တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများ၊ မန္တလေးတိုင်းဒေသကြီး ပြည်သူကျန်းမာရေး/ ကုသရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာန (အထက်မြန်မာပြည်)၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) တို့မှ တာဝန်ရှိသူများ ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ADB (GMS-HS) , JICA နှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

  

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ဦးအောင်ကြည်မှ အဖွင့်အမှာစကား ပြောကြား ရာတွင် ပဋိဇီဝဆေးယဉ်ပါးမှု ပြဿနာသည် ယခုအခါတွင် ဆင်းရဲ ချမ်းသာမရွေး လူမျိုးတိုင်း နိုင်ငံတိုင်း အတွက် လက်တလော ရင်ဆိုင် ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်ပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာ ရေး၊ အစားအသောက်ဘေးကင်းရေးနှင့် ဖွံဖြိုးတိုးတက်ရေး တို့ကို ခြိမ်းခြောက်နေသော အဓိကအရာများ ထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါကြောင်း

ယခုအချိန်မှာ တစ်ကမ္ဘာလုံးတွင် ပဋိဇီဝဆေးမတိုးသော ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းသည် ၂၀၁၆ခုနှစ်မှာ ခုနစ်သိန်းရှိခဲ့ပြီး ၂၀၅၀ပြည့်နှစ်မှာ သိန်း ၁၀၀ အထိ မြင့်တက်လာနိုင်သည်ဟု ပညာရှင်များက သုံးသပ်ထားပါကြောင်း

 

ပဋိဇီ၀ဆေးဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုပိုစတာများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ သွားမည်ဖြစ်ပြီး သတင်းစာများ၊ ဂျာနယ်များ၊ ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များ နှင့် websites များ၊ Blog များ တွင်ပါ ပဋိဇီ၀ဆေးဆိုင်ရာ အသိပညာပေးကဏ္ဍများ ထည့်သွင်းရေး အတွက် media များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း

AMR ကိုကာကွယ်ထိန်းချုပ်ဖို့အတွက် ကျန်းမာရေးကဏ္ဍ တစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရသလို ကဏ္ဍ ပေါင်းစုံမှ တက်ညီလက် ညီ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ကြဖို့ ရေးကြီးပါကြောင်း

မိသားစုတိုင်း၊ အဖွဲ့အစည်းတိုင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်တိုင်းမှာ ရောဂါပိုးများဝင်ရောက်ပျံ့နှံ့ခြင်းကို ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ ပိုးမွှားကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ခြင်းတို့ကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ဖြင့်ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ)/အတွင်းရေးမှူး၊ အမျိုးသားအဆင့် ပဋိဇီ၀ဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီမှ အဖွင့်မိန့်ခွန်းပြောကြားရာတွင် ပဋိဇီဝဆေးယဉ်ပါးမှု ဆိုသည်မှာ ဘက်တီးရီးယားပိုးများသည် ယခင်ကပျောက်ကင်းနေသော ပဋိဇီဝဆေးတွေအပေါ် ခံနိုင်ရည်ပိုရှိလာပြီး လူ၊တိရစ္ဆာန်နှင့် အပင်များ၏ ခန္ဓာကိုယ်ထဲတွင် ကြာကြာပိုနေနိုင်လာပြီး ဆေးမတိုးတော့ဘဲ ရောဂါပျောက်ကင်းမှု မရှိတော့ဘဲ ဆေးများအားယဉ်ပါးလာခြင်းဖြစ်ကြောင်း

ပဋိဇီဝဆေးယဉ်ပါးမှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများမှာ ပဋိဇီဝဆေးများအား ဆရာဝန် ညွှန်ကြားချက်မပါဘဲသောက်သုံးခြင်း၊ ဆေးဆိုင်များမှအလွယ်တကူဝယ်ယူနိုင်ခြင်း၊ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများတွင် အလွန်အကျွံသုံးစွဲခြင်း၊ ပြည်သူလူထုအတွင်း အသိပညာအားနည်းခြင်းတို့ဖြစ်ပါကြောင်း

မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဆေးယဉ်ပါးမှုတိုက်ဖျက်ရေး စီမံကိန်း (၂၀၁၇-၂၀၂၂) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာပိုင်း ပံ့ပိုးကူညီမှုနဲ့ ရေးဆွဲခဲ့ပြီး National Action Plan for Containment of Antimicrobial Resistance, Version 01 ကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် အတည်ပြုနိုင်ခဲ့ပါကြောင်း၊ အမျိုးသားပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးကော်မတီကို ဖွဲ့စည်း ထားရှိပြီး ကော်မတီမှဦးဆောင်၍ ရည်ရွယ်ချက်များ ချမှတ်ကာ နယ်ပယ်စုံ၊ ဝန်ကြီးဌာနစုံမှ ပညာရှင်များဖြင့် ကဏ္ဍကြီး(၅)ရပ်ခွဲပြီး ကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း

ယခုဆိုလျှင် ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုခြင်းကို တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများတွင် စနစ်တကျလုပ်ဆောင်နိုင်ရန် AMR Surveillance Guideline ရေးဆွဲခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း

WHO မှ သတ်မှတ်ထားသော AWaRe Classification အရ မိမိတို့နိုင်ငံတွင် သုံးစွဲနေသော Antibiotic များကို ACCESS အုပ်စု၊ WATCH အုပ်စုနှင့် RESERVE အုပ်စုဟူ၍ စနစ်တကျ ခွဲခြားသုံးစွဲနိုင်ရေးကို AWaRe Campaign ပြုလုပ်ပြီး စည်းရုံးလှုံ့ဆော်ခြင်း၊ မိမိတို့ဆေးရုံအလိုက် Antibiotic guideline များ ရေးဆွဲနိုင်အောင် အားပေးခြင်း၊ National Essential Medicine List တွင် AWaRe antibiotic group များအတိုင်းထည့်သွင်းနိုင်အောင် ဆောင်ရွက်ခြင်းတို့ဖြင့် AMR ဖြစ်ပွားလာခြင်းကို လျှော့ချရန် ကြိုးပမ်းလျက်ရှိပါကြောင်း

ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့သာမက အခြားနှီးနွယ်ဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ OIC, FAO နှင့် အခြား INGO, NGO များ၊ အစိုးရ လွှတ်တော် နှင့် ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်း၍ One Health Approach ဖြင့် ဆောင်းရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားပါသည်။

 

ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ National Technical Officer (AMR) ဒေါက်တာ ဇာဇာနိူင်က ဒေသတွင်း နှင့် ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားလျှက်ရှိသည့် ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်ပွားမှု အခြေအနေ (AMR Situation on Global and Regional)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး အတွက်ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများ၊ မြန်မာနိုင်ငံအတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ဖျော်ဖြေရေးအကအဖွဲ့များမှ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော Key Message များကိုင်ဆောင်၍ ကပြဖျော်ဖြေကြပြီးနောက် တက်ရောက် လာကြသော ဧည့်သည်တော်များက ခင်းကျင်းပြသထားသောပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြပါသည်။

 

အခမ်းအနား ဒုတိယအပိုင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းမြင့်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ အပူပိုင်းနှင့်ကူးစက်ရောဂါပညာ ဌာနမှပါမောက္ခဒေါက်တာဝင်းမေသိန်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာဝင်းသိန်း၊ မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သုတေသနအရာရှိ ဒေါက်တာအောင်ထွန်းနှင့် ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဌ ဒေါက်တာကြည်ရှင်တို့မှ Antimicrobial Resistance နှင့် ပတ်သက်၍ One Health Approach ရှုထောင့်မှ ဝိုင်းဖွဲ့ဆွေးနွေးခြင်းတို့ကိုလုပ်ခဲ့ပြီး အခမ်းအနားကို နံနက် (၁၁:၃၀) တွင်ရုပ်သိမ်းခဲ့ပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီ၀ ဆေးဆိုင်ရာ အသိပေးရက်သတ္တပတ် (WAAW) သည် နိုဝင်ဘာလ (၁၈) ရက်နေ့မှ (၂၄) ရက်နေ့ဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

 

Leave a Comment