မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

မြန်မာနိုင်ငံတွင် Medical Audit System စတင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ သတင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ထောက်ကူ ပံ့ပိုးမှုဖြင့် Medical Audit System ကို အကောင်အထည်ဖော်နိုင်ရန် ခြေလှမ်းအစဖြစ် The Initiation of Medical Audit System အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ Melia Yangon Hotel တွင် ကျင်းပခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခချုပ်/ ဆေးရုံ အုပ်ကြီး ဒေါက်တာရီရီမြင့်၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Dr Stephan Paul Jost (WR Myanmar of WHO), Dr Krit Pongpirul (Assistant Professor, Chulalongkorn University, Thailand) နှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီး ၈ ရုံမှ ဆေးရုံအုပ်ကြီးများ၊ ဆေးရုံအုပ်များ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးမှတ်တမ်းအရာ ထမ်းအမှုထမ်းများ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဒေါက်တာ လွင်လွင်ဦးလှိုင်နှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးလျက်ရှိရာတွင် နိုင်ငံပိုင်ဆေးရုံ ဆေးခန်းများရှိ ကျန်းမာရေး ဝန်ထမ်း များ စနစ်တကျ တာဝန်ထမ်းဆောင်ခြင်း၊ SOP များ၊ Guideline များ၊ ညွှန်ကြားချက် များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် မှန်ကန်ထိရောက်သော ကျန်းမာရေး ဝန်ဆောင်မှု ကို ပြည်သူလူထုအား ပေးအပ်နိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာအကူအညီ၊ ငွေကြေး အထောက် အပံ့များဖြင့် Medical Audit System ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပါသည်။

ဆောင်ရွက်ရာတွင် Phase သုံးဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ-

  • ပထမအဆင့်တွင် ဆေးရုံကြီးများ၏ လက်ရှိ Medical Record system ကို လေ့လာဆန်းစစ်ခြင်းနှင့် Medical Audit System အတွက် road map ချမှတ်ခြင်း။
  • ဒုတိယအဆင့်တွင် Medical Record system ကို ခိုင်မာအောင် တည်ဆောက်ခြင်း၊ ရွေးချယ်ထားသောဆေးရုံကြီးများတွင် Medical audit system ကို Pilot စမ်းသပ် ဆောင်ရွက်ပြီး ပြန်လည်ဆန်းစစ်ခြင်း။
  • တတိယအဆင့်တွင် စမ်းသပ်ဆောင်ရွက်မှုများ၏ ရလဒ်များကို ပြန်လည် ဆန်းစစ်သုံးသပ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီမံချက်ရေးဆွဲ ဆောင်ရွက် ခြင်းတို့ ဖြစ်ကြောင်း သိရှိရပါသည်။

လက်ရှိအနေအထားတွင် ပြင်ပလူနာဦးရေစာရင်းနှင့် အတွင်းလူနာများ၏ အချက်အလက်များကို District Health information system (DHIS -2) ဖြင့် စုစည်း ကောက်ယူ ရရှိအသုံးပြုလျက်ရှိပါသည်။

Medical Audit System မှာ အလွန်ကျယ်ပြန့် အသေးစိတ်သော်လည်း စဦးဆုံး ခြေလှမ်းအဖြစ် ပြင်ပလူနာနှင့် အရေးပေါ်လူနာဌာနများမှ လူနာမှတ်တမ်းစာအုပ်နှင့် အတွင်းလူနာ ဆေးမှတ်တမ်း တို့ကို စိစစ်သွားမည်ဖြစ်ပြီး နောင်ကာလများတွင် MR 2 – History taking, Physical examination နှင့် MR 3 – Progress note တို့ကို ဆက်လက် စိစစ်ကြရမည်ဟု သိရှိရပါသည်။

အလုပ်ရုံဆွေးနွေးပွဲတက်ရောက်လာသူများကလည်း တက်ကြွစွာ ပါဝင်ဆွေးနွေး ကြပြီး Action Plan ကို ဝိုင်းဝန်း အကြံပြုရေးဆွဲခဲ့ကြရာ –

  • ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း National Medical Audit Steering Committee ကိုဖွဲ့စည်းရန်။
  • ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် ယခုဆွေးနွေးပွဲတက်ရောက်လာသော ဆေးရုံကြီး ၈ ရုံအား Pilot project အဖြစ် သတ်မှတ်ပြီး ဆေးရုံအုပ်ကြီး ဦးဆောင် ၍ ဆေးမှတ်တမ်းဌာနအရာရှိက အတွင်းရေးမှူးအဖြစ်ဆောင်ရွက်သော Hospital Medical Record Committee များကို ဆေးရုံအလိုက် စတင်ဖွဲ့စည်းထားရန်။
  • ထိုကော်မတီမှ မိမိဆေးရုံကြီးရှိ ဝန်ထမ်းများအနက်မှ Medical Audit Team ကို ဆရာဝန်၊ သူနာပြု၊ ဆေးမှတ်တမ်းဝန်ထမ်းများနှင့် ဖွဲ့စည်းပေးရန်။
  • ၂၀၁၉ ခုနစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လတွင် အဆိုပါဆေးရုံကြီး ၈ ရုံ စလုံး၌ Medical Audit ကို တစ်ပြိုင်နက်တည်း စတင်ဆောင်ရွက်ရန်။
  • Pilot project ဖြစ်သဖြင့် Systematic Random Sampling ဖြင့် Case များ ရွေးချယ်ဆောင်ရွက်သွားရန်။
  • scoring အမှတ်ပေးစနစ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး အစီရင်ခံစာကို ကုသရေး ဦးစီးဌာနသို့ တင်ပြရန်။
  • ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် ဆေးရုံကြီးများ၏ကုသရေး Audit results နှင့် Auditors များ၏ Experience scores များကို ကုသရေးဦးစီးဌာနက စိစစ်ရန်။
  • ၎င်းကာလနောက်ပိုင်းတွင် National Symposium on Medical Audit (to include more hospitals, 8 hospitals shared experience) ကို ကျင်းပ၍ အသိပညာ ပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်။
  • ဆက်လက်၍ ကျန်ဆေးရုံကြီးများအား Medical Audit ကို Expansion လုပ်ဆောင် ပြီး National Medical Audit Systems ကို အခိုင်အမာထူထောင်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။

ထို့နောက် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှက နိဂုံးချုပ်စကားပြောကြားပြီး ဆွေးနွေးပွဲကို ညနေ ၄:၃၀ နာရီ တွင် အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။

 

Leave a Comment