ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆေးလူမှုဆက်ဆံရေး လုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Work) ဆောင်ရွက်ပြီးစီးခြင်း

နေပြည်တော်၊ မတ်လ (၅)ရက်

ကုသရေးဦးစီးဌာန၊ ကုသမှုအထောက်အကူပြုဌာနခွဲ၊ ဆေးလူမှုဆက်ဆံရေးဌာနစိတ်မှ ဗဟိုအဆင့်၊ အထူးကုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်အဆင့်ဆေးရုံကြီးများ၊ ခုတင် ၁၅၀ ဆံ့ ပြည်သူ့ဆေးရုံများနှင့် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးလူမှုဆက်ဆံရေးဝန်ထမ်းတို့၏ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲ (မြန်မာပြည်အောက်ပိုင်း)ကို (၁-၃-၂၀၁၉)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယခုကျင်းပပြုလုပ်သော ဆေးလူမှုဆက်ဆံရေးလုပ်ငန်းဆိုင်ရာ (Case Conference on Medical Social Works) ဆွေးနွေးပွဲကို (၂၀၁၉)ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပါ သည်။ အခမ်းအနားအား အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဒေါက်တာထွန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး၊ ဆေးရုံ အုပ်များ၊ လက်ထောက်ဆေးရုံအုပ်များ၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒေါ်နန်းခင်မာလေး၊ ဒုတိယ ညွှန်ကြားရေးမှူး (ဆေးလူမှု)၊ ဒေါ်ယုဇနကျင်၊ လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)(ငြိမ်း)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ(ငြိမ်း)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး (ဆေးလူမှု)များ၊ ဆေးလူမှုဆက်ဆံရေးအရာရှိများ၊ ဆေးလူမှုဆက်ဆံရေးမှူးများ၊ လူမှုဝန်ထမ်း ဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်မှ ဒေါ်ခင်သူဇာ၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသမီးကလေးများသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ Unicef (Myanmar)မှ တာဝန်ရှိသူ(၁) ဦး ၊ စုစုပေါင်း(၁၀၈)ဦးတို့ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
ပထမပိုင်းအခမ်းအနားတွင် ဒေါက်တာထွန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး မှ အဖွင့်အမှာစကားပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ အဖွင့်အမှာစကား ပြောကြားရာတွင် ယခု အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနတွင် ကျင်းပခွင့်ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ မိမိအနေဖြင့် ဆေးလူမှုနှင့် သက်ဆိုင်သည့် စာတမ်းများအား ပြုလုပ်ခဲ့ ဖူးကြောင်း၊ ထို့ကြောင့် ဆေးလူမှု လုပ်ငန်းများဆောင်ရွက်နေသည့် ဆေးဘက်ဆိုင်ရာလူမှုရေးပြဿနာ များအား တွေ့ကြုံသိရှိခဲ့ရကြောင်း၊ အထူးသဖြင့် စိတ်ကျန်းမာရေးဆေးရုံများတွင် Chronic Hospital Patients များကို တွေ့ရှိခဲ့ရကြောင်း၊ ဆေးရုံတွင်အနေကြာသည့် လူနာများ၏ ဆေးဘက်ဆိုင်ရာ လူမှုရေးပြဿနာများကိုလည်း တွေ့ကြုံသိရှိခဲ့ရပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆေးလူမှု များအနေဖြင့် မိမိတို့၏ Capacity လုပ်ငန်းစွမ်းဆောင်ရည်မြှင့်ဖို့ လိုကြောင်း၊ မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများပေါ် မူတည်အခြေခံပြီး Capacity တက်သွားမှာ ဖြစ်ကြောင်း၊ ယခု ပြုလုပ်သော ဆွေးနွေးပွဲကဲ့သို့ CME (Continuous Medical Social Work Education) များကို ဆေးရုံအလိုက်/ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆက်လက်ပြုလုပ် နေကြဖို့လို ကြောင်း၊ အလုပ်လုပ်ရာတွင် ပီပီပြင်ပြင်နှင့် စနစ်တကျလုပ်ပြီး မိမိလုပ်ငန်းခွင်တွင် ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ကြဖို့လည်းလိုကြောင်း၊ ဆေးလူမှုများအနေဖြင့် Attitude ကောင်းဖို့လိုကြောင်း၊ မိမိ Ethics ကိုသိရှိလိုက်နာပြီး Skills ကောင်း ဖို့လည်းလိုကြောင်း၊ ပြဿနာအဖြစ်များသည့်အရာကို Highlight လုပ်ကြည့်တတ်ဖို့လိုကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် အရည်အသွေးကောင်းဖို့ စဉ်းစားတွေးခေါ်နေ ဖို့လိုကြောင်း၊ တစ်ဦးတစ်ယောက်တည်း လုပ်လို့ရသည့်အလုပ်မဟုတ်သည့်အတွက် ပူးပေါင်းဆောင်ရွက် သည့် အလေ့အထကို ပြုလုပ် ဆောင်ရွက်သွားဖို့လိုကြောင်း၊ ဆေးလူမှုနှင့်ဆိုင်သော Implementing Research လုပ်စေလိုကြောင်း၊ ယခုခေတ်အခြေအနေအရ ဆေးရုံများတွင် ဆေးကုသမှုခံယူနေရသည့် လူနာတစ်ဦးတည်းကို ဦးတည်၍ ဆောင်ရွက်ပေးနေ၍ မရတော့ကြောင်း၊ လူနာနှင့် လူနာစောင့်များတွင် stress များပါလာသည့်အတွက် ၎င်းတို့၏ stress များ လျော့ကျစေရန် Hospital Reception တွင်လည်း တာဝန်ရှိကြောင်း၊ ဆေးရုံတစ်ရုံနှင့် တစ်ရုံမတူသည့်အတွက် တွေ့ကြုံရနိုင်သည့် ပြဿနာ လည်း မတူနိုင်ကြောင်း၊ ထို့ကြောင့် ကူညီဖြေရှင်းပေးရပုံလည်းမတူနိုင်ကြောင်း၊ Communication ကောင်းဖို့လိုကြောင်း၊လူမှုရေးအသင်းများနှင့် ဆက်သွယ်လုပ်ကိုင် နေကြရသည်ကို တွေ့ရှိရသည့်အတွက် အလွန်ကောင်းမွန်ပါကြောင်း၊ မိမိတို့ လုပ်ငန်းကို အများသိအောင် လုပ်ဆောင်ဖို့လိုနေသေးကြောင်း၊ ကိုယ့်အလုပ်ကိုယ်သိဖို့နှင့် ကိုယ့်အရေးပါမှုကိုလည်း သိရှိနေကြရန်လိုအပ်ကြောင်းနှင့် ယနေ့ ကျင်းပသည့် ဆွေးနွေးမှုများအပေါ် လေ့လာသင်ယူပြီး မိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချ ဆောင်ရွက်စေချင်ကြောင်းနှင့် လုပ်ငန်းတာဝန်များကို အဆင်ပြေပြေ ချောချောမွေ့မွေ့ လုပ်ဆောင် နိုင်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်၏ သဘာပတိအဖွဲ့ဝင်အဖြစ် ဒေါက်တာတိုးတိုး၊ ဆေးရုံအုပ်ကြီး၊ ပြည်သူ့ဆေးရုံကြီး၊ သန်လျှင်မြို့နှင့် ဒေါ်ယုဇနကျင်၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆေးလူမှု)(ငြိမ်း)၊ ဒေါ်နန်းခင်မာလေး၊ ဒုတိယညွှန်ကြားရေးမှူး(ဆေးလူမှု)တို့မှ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။ ပထမဦးစွာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးပညာပေးခြင်းနှင့် ပြန်လည် နေရာချထားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းဆိုင်ရာနှင့် ပတ်သက်သည့် လူနာအား ကူညီ ဆောင်ရွက်ပေးမှုကို တင်ပြဆွေးနွေးခြင်း၊ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ Gender based Violence နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့် ဆေးဘက်ဆိုင်ရာလူမှုရေးပြဿနာ၊ သင်္ဃန်းကျွန်း (စံပြ)ဆေးရုံကြီးမှ ခိုကိုးရာမဲ့လူနာနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့် ဆေးဘက်ဆိုင်ရာလူမှုရေးပြဿနာ၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ရန်ကုန်မှ ဆေးဝါးကုသရေးနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ဖြေရှင်းပေးခဲ့ရသည့် ဆေးဘက်ဆိုင်ရာလူမှုရေးပြဿနာတို့ကို တင်ပြခဲ့ ကြပါသည်။
တင်ပြလာသည့် ဆေးဘက်ဆိုင်ရာ လူမှုရေးပြဿနာများနှင့် ပတ်သက်၍ သဘာပတိနှင့် အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာတိုးတိုး၊ ဆေးရုံအုပ်ကြီး၊ ပြည်သူ့ဆေးရုံကြီး၊ သန်လျှင်မြို့မှ ဆေးကုသ မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ဒေါ်ယုဇနကျင်၊ လက်ထောက်ညွှန်ကြားရေးမှူး (ဆေးလူမှု)(ငြိမ်း)မှ Psychosocial Counseling နှင့်ပတ်သက်၍လည်းကောင်း၊ ဒေါ်နန်းခင်မာလေး၊ ဒုတိယ ညွှန်ကြားရေးမှူး(ဆေးလူမှု)မှ ဆေးရုံအသီးသီးမှ ဆေးလူမှုများအချင်းချင်း ပူးပေါင်းဆက်သွယ် ဆောင်ရွက်ကြရန်နှင့် လူမှုဝန်ထမ်းဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း ဆောင်ရွက်ကြရန်တို့ကို အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူး (ဆေးလူမှု)များ၊ လက်ထောက်ညွှန်ကြားရေးမှူး(ဆေးလူမှု)(ငြိမ်း)၊ ဆေးလူမှုဆက်ဆံရေးအရာရှိ(ငြိမ်း)၊ ဆေးလူမှု ဆက်ဆံရေးအရာရှိများ၊ ဆေးလူမှုဆက်ဆံရေးမှူးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှလည်း တင်ပြလာသည့် Case များအပေါ် အကြံပြု ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒေါက်တာလှမိုး၊ ဒုတိယတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးမှ တင်ပြလာသော Case များနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်အကြံပြု၍ အခမ်းအနားကို ညနေ (၄:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

Leave a Comment