မြင်းခြံပြည်သူ့ဆေးရုံ၊ သုခိတာ သားဖွား၊ မီးယပ်နှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ် အဆောက်အဦသစ် လှူဒါန်း ပေးအပ်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

 

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၁)ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်း၌ မြင်းခြံပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည့် မြင်းခြံပြည်သူ့ဆေးရုံ၊ သုခိတာ သားဖွား၊ မီးယပ်နှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ်အဆောက်အဦသစ် လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ အလှူရှင်များဖြစ်ကြသော သုခိတာမိသားစု ဒေါ်ချိုချိုဝင်းနှင့် ဒေါ်တင်အေးသန့် တို့က အခမ်းအနားကို ဖဲကြိုးဖြတ်စတင်ဖွင့်လှစ်ခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့က ကုသဆောင်သစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများက ကမ္ဗည်း မော်ကွန်းအား နံ့သာရည် ပက်ဖြန်းဖွင့်လှစ်ခဲ့ပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၃)ထပ် ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။

• ယခုကဲ့သို့ ကုန်ကျငွေ ကျပ်သိန်း (၆၀ဝ၀) ခန့် ကုန်ကျခဲ့သည့် သားဖွား၊ မီးယပ်နှင့် မွေးကင်းစ ကလေးကုသဆောင် (၃) ထပ်အဆောက်အဦသစ် လှူဒါန်းခြင်းသည် ပြည်သူများ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ အမျိုးသမီးများ၊ မိဘများအတွက် အထူးအကျိုးရှိစေမည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိ ဝမ်းမြောက်ဖွယ်ကောင်းပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကုသဆောင်သစ်တွင် လိုအပ်မည့် ဆေးနှင့် ဆေးပစ္စည်း ကိရိယာများကို ဖြည့်ဆည်းပေးလျက်ရှိပြီး ထပ်မံလိုအပ်သည်များကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် အဆောင်သစ်တွင် ယခင်ကထက် သက်တောင့်သက်သာဖြင့် ကုသမှု ခံယူနိုင်ခြင်း၊ အထူးကုဆရာဝန်များဖြင့် ဆေးဝါး ကိရိယာစုံလင်စွာဖြင့် ကုသမှုခံယူနိုင်ခြင်း၊ ဆရာဝန်၊ သူနာပြုများအနေဖြင့်လည်း ပိုမိုကျယ်ဝန်း သန့်ရှင်းသော အဆောင်သစ်တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း စသည်တို့ကြောင့် ပြည်သူများအနေဖြင့် ပိုမိုကောင်းမွန်အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ယခုအဆောင်သစ်တွင် ကိုယ်ဝန်ဆောင်များ မီးဖွားမှု၊ ခွဲစိတ်မွေးဖွားမှု၊ မွေးကင်းစ ကလေးငယ်များ အားကုသမှုနှင့် မီးယပ်ရောဂါဖြစ်ပွားသူအမျိုးသမီးများအား ကုသပေးမှု တို့ကို နေ့စဉ် ဆောင်ရွက်နေမည်ဖြစ်သဖြင့် အလှူရှင်များအနေဖြင့် အမြဲပီတိပွား ဝမ်းမြောက်နိုင်မည် ဖြစ်ပါကြောင်း၊

• ပြင်ပလူနာနှင့် အတွင်းလူနာများ လာရောက်ပြသမှု၊ လိုအပ်သည့် စမ်းသပ်စစ်ဆေးမှု နှင့် ကုသခြင်းခံယူမှုတို့တွင် တစ်နေရာမှ တစ်နေရာ အကြိမ်ကြိမ်သွားလာဆောင်ရွက်ရခြင်း မဟုတ်ဘဲ အဆင်ပြေချောမွေ့စေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများလုပ်ငန်း ဆောင်ရွက်စီးဆင်းမှု (work flow) ကောင်းမွန် ချောမွေ့စေရန်အတွက် Logistic System အား ဆန်းစစ်မှုများပြုလုပ်ခြင်းနှင့် လိုအပ်ပါက အသုံးချသုတေသနများဆောင်ရွက်ခြင်းတို့ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆရာဝန်များ၊ သူနာပြုများ၊ ကုသမှုအထောက်အကူပြု ပညာရှင်များ ကိုလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ အမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးမိဘများကိုလည်းကောင်း အသီးသီးဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အားနည်းချက်၊ အားသာချက်နှင့် လိုအပ်ချက်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ဆေးရုံမှ တာဝန်ရှိသူများ၊ ဆေးရုံအထောက်အကူပြုကော်မတီဝင်များအနေဖြင့်လည်း ဆေးရုံကြီး ဘက်စုံ ပိုမိုကောင်းမွန်တိုးတက်ရေးကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ သဘောထားကာ ဆောင်ရွက်ကြစေလိုပါကြောင်း၊

• လူနာမှတ်ပုံတင်များကို ကွန်ပြူတာစနစ် အသုံးပြု၍ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ကွန်ပြူတာများ ထောက်ပံ့တပ်ဆင်ပေး လျက်ရှိကြောင်း၊

• ပြင်ပလူနာများနှင့် အတွင်းလူနာများ အရေအတွက်၊ ဖြစ်ပွားသည့်ရောဂါအမျိုးအစားအလိုက် အရေအတွက်စသည့် စာရင်းဇယားအချက်အလက်များ တိကျစွာ ရှိခြင်းဖြင့် လိုအပ်သည့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများကို ရောဂါဖြစ်ပွားမှုနှင့် ချိန်ညှိဝယ်ယူ နိုင်မည်ဖြစ်သဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းအလေအလွင့်များကို လျှော့ချနိုင်ကာ လူနာများအတွက် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပိုမိုတိကျ မှန်ကန်စွာ ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ကြောင်း၊

• ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် ကုသဆောင်သစ်တွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုနှင့် ကာကွယ်ဆေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးချက်များ၊ ပုံမှန်ကာကွယ်ဆေးထိုးတိုက်ကျွေးခြင်း အစီအစဉ် ဇယားများကို ကပ်ထားရမည် ဖြစ်ပါကြောင်း၊

• (၃)ထပ်ဆောင်သစ်တွင် အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးအား သီးသန့်တာဝန်ပေးအပ်၍ ရေအိမ်များသန့်ရှင်းရေး၊ ကုသဆောင်အတွင်းနှင့် အပြင်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အပါအဝင် လုပ်ငန်းများ ဘက်စုံ ပီပြင်ကောင်းမွန်စေရေးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာန၏ ရည်မှန်းချက်များပြည့်ဝအောင်မြင်စေရန် ကုသမှုလုပ်ငန်းများ၊ ရောဂါမဖြစ်ပွားခင် ကြိုတင်ကာကွယ်တားဆီးမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ပြည်သူများကျန်းမာရေးအသိပညာကြွယ်ဝစေရေး လုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် (၇)ခုတို့မှ အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်/တိုက်နယ်ဆရာဝန်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အထောက်အကူပြု Mobile Tablet (၁၂၀ဝ၀) ကျော်ဖြန့်ဝေပေးခဲ့ပါကြောင်း၊ ထပ်မံ၍လည်း Mobile Tablet (၁၄၀ဝ၀) ခန့်ကို ယခုနှစ် အတွင်း ထပ်မံဖြန့် ဝေသွားမည် ဖြစ်ပါကြောင်း၊

• အဆိုပါ Mobile Tablet များကို အသုံးချ၍ ကုသရေး၊ ပြည်သူကျန်းမာရေး၊ သူနာပြု၊ သားဖွား စွမ်းဆောင်ရည်မြှင့် အစီအစဉ်များ ပြုလုပ်သွားရန် စီစဉ်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ထို့အပြင် ပြည်သူ့များအနေဖြင့် ကျန်းမာသန်စွမ်း၍ ရောဂါဘယကင်းဝေးကာ ဆေးရုံတွင် ကုသမှုခံယူရမှုနည်းပါးစေရန်အတွက် “ကိုယ် လက်လှုပ်ရှား ဆေးတစ်ပါး” ဆောင်ပုဒ်နှင့် အညီ အားကစားလေ့ကျင့်မှုများ ပြုလုပ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အိမ်ပြင်ပ ကိုယ်လက်လှုပ်ရှားမှု အထောက်အကူပြုလေ့ကျင့်ရေးပစ္စည်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တပ်ဆင်လျက်ရှိခြင်းအပြင် အစီအစဉ်များချမှတ်ဆောင်ရွက် လျက်ရှိပါ ကြောင်း၊

• ယနေ့လှူဒါန်းသည့် အဆောင်သစ်အပါအဝင် ဆေးရုံတစ်ခုလုံးဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆေးရုံမှ တာဝန်ရှိသူများ၊ ဆေးရုံအထောက်အကူပြုကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ပြည်သူများအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် –

• မိမိ၏ မိသားစု၊ အသိုက်အဝန်းနှင့် နိုင်ငံအကျိုးကို သယ်ပိုးထမ်းရွက်နိုင်သည့် ကျန်းမာသန်စွမ်း ဉာဏ်မြင့်မားသော မျိုးဆက်သစ်ကလေးငယ်များကို မွေးဖွားပြုစုစောင့်ရှောက်နိုင်ရန် အရေးကြီးသော အခြေခံအဆောက်အဦဖြစ်သည့် (၃)ဆောင်သစ်ကို စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းခဲ့ခြင်းအပေါ် မိမိတို့အစိုးရအဖွဲ့မှ အထူးကျေးဇူးတင်ရှိ မှတ်တမ်း တင်အပ်ပါကြောင်း၊

• ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်သူ ဆရာဝန်၊ သူနာပြုနှင့် အထောက်အကူပြု ပညာရှင်များ တာဝန်ထမ်းဆောင်ရာနေရာဒေသတွင် အဆင်ပြေ ပျော်ရွှင်စေရေးအတွက် ဒေသခံများ၊ မြို့မိမြို့ဖများက တတ်စွမ်းသမျှ ကူညီစောင့်ရှောက်ကြပါရန် တိုက်တွန်းလိုပါကြောင်း၊

• မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ ကျန်းမာရေးနှင့် လူမှု-စီးပွားဘဝများ ပိုမိုကောင်းမွန် တိုးတက်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

     ထို့နောက် (၃)ထပ်ဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင် သုခိတာမိသားစု ဒေါ်ချိုချိုဝင်းမှ ရှင်းလင်းပြောကြားခဲ့ပြီး မြင်းခြံပြည်သူ့ဆေးရုံ အထောက် အကူပြုကော်မတီဝင် ဦးဌေးဝင်းနှင့် ဆေးရုံအုပ် ဒေါက်တာထွန်းဝင်းတို့က လှူဒါန်းခဲ့မှု အပေါ် ကျေးဇူးတင်ရှိကြောင်း အသီးသီးပြောကြားခဲ့ပါသည်။

 

Leave a Comment