ဆေးရုံများတွင် ရောဂါပိုးကူးစက်မှုကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သင်တန်း ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၂ ရက်

ကုသရေးဦးစီးဌာနသည် ပြည်သူ့ဆေးရုံများ၌ ကုသမှုအရည်အသွေးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရာတွင် ဆေးရုံမှတစ်ဆင့်ကူးစက်တတ်သောရောဂါများကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများ၏ စွမ်းရည်ကိုမြှင့်တင်ပြီး လူနာနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ပြည်သူ့ဆေးရုံများမှ ဆေးရုံအုပ်များ၊ သူနာပြုအုပ်၊ သူနာပြုကြီးများအား ဆေးရုံများတွင် ရောဂါပိုးကူးစက်မှုကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ သင်တန်း (Training on Infection Prevention and Control in Hospitals) ၂၀၂၆ ခုနှစ်အတွက် ပထမအသုတ်ကို မတ်လ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော်၊ ကုသရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းသို့ ဗဟိုအဆင့်ဆေးရုံ (၂၀)ရုံမှ ဆေးရုံအုပ်/လက်ထောက်ဆေးရုံအုပ်၊ သူနာပြုအုပ်/သူနာပြုကြီး စုစုပေါင်း သင်တန်းသား (၄၁)ဦး တက်ရောက်ကြပြီး ဆေးရုံများတွင် ရှိသင့်သည့် ရောဂါပိုးကူးစက်မှုကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံနှင့် စနစ်များ၊ လူနာတိုင်းအတွက် လိုက်နာရမည့် အခြေခံ ရောဂါကာကွယ်မှု စံနှုန်းများ၊ စနစ်တကျလက်ဆေးခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ စနစ်တကျ အသုံးပြုမှုဆိုင်ရာ သိကောင်းစရာများ၊ ဆေးရုံထွက် စွန့်ပစ်ပစ္စည်းများကို ဘေးအန္တရာယ်ကင်းစွာ စီမံခန့်ခွဲခြင်း၊ ခွဲစိတ်ခန်း၊ အထူးကြပ်မတ်ကုသခန်းနှင့် မွေးကင်းစကလေးအထူးကြပ်မတ်ကုသခန်းတို့တွင် ဆောင်ရွက်သင့်သည့် ရောဂါပိုးကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စံလုပ်ငန်းစဉ်များ၊ ဆေးရုံသုံးပစ္စည်းများ ပိုးသတ်သန့်စင်ခြင်းဆိုင်ရာ စံ လုပ်ငန်းစဉ်များ၊ ရောဂါပိုးများ ဆေးယဉ်ပါးမှုကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သိကောင်းစရာများ တို့ကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခများ၊ အဏုဇီဝဗေဒ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင်နှင့်ပတ်ဝန်းကျင်ကျန်းမာရေးဌာနခွဲနှင့် ကုသရေးဦးစီးဌာန မှ တာဝန်ရှိသူများ က ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

သင်တန်း၏ ဒုတိယနေ့တွင် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှ က သင်တန်းသားများအား တွေ့ဆုံနှုတ်ဆက်၍ ပြည်သူ့ဆေးရုံများ၌ ပြည်သူများအတွက် ဝန်ဆောင်မှု ပေးရာတွင် လိုက်နာ ဆောင်ရွက်သင့်သည့် လုပ်ငန်းများ၊ လူနာများနှင့် ဆက်ဆံရေးဆိုင်ရာ ကိစ္စများ၊ ဆေးနှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လက်တွေ့လုပ်ငန်းခွင်သို့ ပြန်လည်ရောက်ရှိသည့်အခါ ပိုမိုစနစ်ကျသော ရောဂါပိုးကူးစက်မှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည် ဖြစ်ပြီး၊ ဆေးရုံမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (Healthcare-Associated Infections) လျှော့ချရေးကို ထိရောက်စွာ အထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း သိရှိရပါသည်။

မှတ်တမ်းဓာတ်ပုံများ

Leave a Reply

Your email address will not be published. Required fields are marked *