ဆေးလူမှုဆက်ဆံရေးဝန်ထမ်းလုပ်ငန်းလမ်းညွှန် မူကြမ်းအပါ် ကြည့်ရှုသုံးသပ်ခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Workshop on Review and Revision of SOP and Guideline for Medical Social Workers) ပထမအကြိမ် (၂)ရက်တာအလုပ်ရုံဆွေးနွေးပွဲအား အစည်းအဝေးခန်းမ၊ ခုတင်-၅၀၀ အထူးကုဆေးရုံကြီး၊ ရန်ကုန်တွင် (၂၀-၇-၂၀၂၀)ရက်နေ့တွင် စတင်ကျင်းပ ဆောင်ရွက် ခဲ့ရာ ဆေးရုံအုပ်ကြီး၊ ဒေါက်တာအေးအောင်မှ အမှာစကား ပြောကြား၍ ဖွင့်လှစ် ပေးခဲ့ပါသည်။
ဆေးရုံအုပ်ကြီးမှပြောကြားရာတွင် ဆေးလူမှုဆက်ဆံရေးလုပ်ငန်းသည် မြန်မာနိုင်ငံအတွင်းသာ မဟုတ်ဘဲ နိုင်ငံတကာတွင်လည်း ဆောင်ရွက်နေသည့်လုပ်ငန်းဖြစ်ကြောင်း၊ လူနာများ Standard Treatment ရရှိစေရန် စုံစမ်းလေ့လာနေရမည် ဖြစ်ကြောင်း၊ Ethical Issue များကိုလည်းသိရှိပြီး ထိခိုက်မှုရှိ/မရှိ ဆန်းစစ်ရန်လည်း လိုအပ်ကြောင်း၊ ဆရာဝန်၊ သူနာပြုများ အနေဖြင့် လူနာများအား ဆေးကုသမှုပေးသည့်လုပ်ငန်းကို ဆောင်ရွက်နေလျက်ရှိပြီး လူနာများအား psychosocial support ကူညီဆောင်ရွက်ပေးရန်မှာ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ လုပ်ငန်းတာဝန်များဖြစ်ကြောင်း၊ ထို့အပြင် လူနာများအား ဆွေးနွေးနှစ်သိမ့် ပညာပေးရန်မှာလည်း အထူးပင်လိုအပ်ပါကြောင်း၊ counselor ကောင်းတစ်ယောက်ဖြစ်ရန်လည်း မလွယ်ပါကြောင်း၊ ဆေးလူမှုဆက်ဆံရေး ဝန်ထမ်း (၁)ဦး အနေဖြင့် counselor အရည်အချင်း များရှိရန်လိုအပ်ပါကြောင်း၊ လူနာများ ၎င်းတို့ရရှိသည့် Treatment အပေါ် Quality Care ဖြစ်စေရေးအတွက် လူနာများ သိပိုင်ခွင့် ၊ဆုံးဖြတ်ခွင့်များ ရရှိနိုင်ရန် သိသင့်သိထိုက်သည့် Information များရရှိနိုင်ရန် ဆေးလူမှုဆက်ဆံရေးဝန်ထမ်း များအနေဖြင့် Ethical Issues, Human Rights များကို သိရှိလေ့လာ နေရန်လိုအပ်ပါကြောင်း၊ ဘာသာ၊ ဓလေ့၊ ရိုးရာကွဲပြားမှု အပေါ်လိုက်ပြီး လိုအပ်ချက်နှင့်အညီ ဆောင်ရွက်ပေးနိုင်ဖို့ လည်းလိုအပ်ပါကြောင်း၊ အထက်အဆင့်မှ ကူညီပံ့ပိုးပေးနိုင်ရန် တွေ့ရှိသည့် အခက်အခဲများကို တင်ပြပေးနိုင်ရန်လည်း လိုအပ်ပါကြောင်း၊ Covid ကာလအတွင်းတွင် Suicide ဖြစ်ရပ်များ တွေ့ရှိရ သဖြင့် psychosocial support များ ပိုမိုလိုအပ်လာသည်ကို တွေ့ရှိရပါကြောင်း၊ ဆေးလူမှု ဆက်ဆံရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်ပင်အရေးပါလာပြီး ခေတ်ကာလ အခြေအနေ များ ပြောင်းလာနေပြီ ဖြစ်သည့်အတွက် လိုအပ်ချက်များလည်းမတူတော့ပါကြောင်း၊ မည်သည့် issue က Ethical ဖြစ်သည်၊ မည်သည့် issue က Human Right ဖြစ်သည်ကို သိရှိ နားလည် နေရမည်ဖြစ်ကြောင်း၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများအနေဖြင့် အဆိုပါအရာများကို သိရှိထား ခြင်းဖြင့် လူနာများ၏ အရေးကိစ္စများကို ဆောင်ရွက်ရာတွင် ကာကွယ်ရမည့် ဖြစ်ရပ်များနှင့် ကူညီရမည့် ဖြစ်ရပ်များကို သိရှိလိုက်နာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ လူနာများ၏ လိုအပ်ချက်များကို ကူညီပံ့ပိုးပေးရာတွင် Quality of Life ကို ထည့်သွင်း စဉ်းစားပြီး ပံ့ပိုးကူညီ ပေးရန်လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းလမ်းညွှန်ရေးဆွဲရာတွင် အထက်ပါအချက်များကို ထည့်သွင်းရေးဆွဲရန်လည်း လိုအပ်ပါကြောင်း အကြံပြုဆွေးနွေး ပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါ်နန်းခင်မာလေး၊ ဒုတိယညွှန်ကြားရေးမှူး (ဆေးလူမှု)မှ အလုပ်ရုံ ဆွေးနွေးပွဲ ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ဒေါ်ယုဇနကျင် လက်ထောက် ညွှန်ကြားရေးမှူး(ဆေးလူမှု)(အငြိမ်းစား)(အကြံပေးပညာရှင်)မှ မြန်မာနိုင်ငံ ဆေးလူမှုဆက်ဆံရေး လုပ်ငန်းဆိုင်ရာနောက်ခံသမိုင်း၊ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လုပ်ငန်းလမ်းညွှန် ရည်ရွယ်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ ဦးဇေယျာလင်း(အကြံပေးပညာရှင်) မှ ပြန်လည်ပြင်ဆင်ရမည့် လုပ်ငန်း လမ်းညွှန် မာတိကာမိတ်ဆက်ခြင်းနှင့်ဆန်းစစ်တွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အစီအစဉ်အတိုင်း လုပ်ငန်းလမ်းညွှန်ပါ အချက်အလက်များကို ပထမနေ့တွင် လုပ်ငန်းစဉ်(၁)မှ(၅)အထိအား ရှင်းလင်းတင်ပြခြင်း၊ ဆွေးနွေးပြင်ဆင်ခြင်း၊ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ခြင်းဆောင်ရွက်ပြီး ဒုတိယနေ့တွင်စောင့်ကြည့်လေ့လာခြင်း၊ အကဲဖြတ်သုံးသပ်ခြင်း၊ သုတေသနလုပ်ငန်းနှင့် စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း၊ ဆေးလူမှုဆက်ဆံရေးလုပ်ငန်းများ အသုံးပြုသည့်မှတ်တမ်းများ၊ မှတ်တမ်းဖြည့်သွင်းသိမ်းဆည်းခြင်းနှင့် လျှို့ဝှက်စွာထားရှိခြင်း၊ ဆေးလူမှုဆက်ဆံရေးဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက်တာဝန်ဝတ္တရားများ၊ ဆေးလူမှု ဆက်ဆံရေးဝန်ထမ်းများ ရှိရမည့်ကျွမ်းကျင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အကြံပြု ဆွေးနွေးချက်များကို ဖြည့်စွက်ပြင်ဆင်ထည့်သွင်းပြီး (၂၁-၇-၂၀၂၀)ရက်နေ့ ညနေ (၅:၃၀)နာရီတွင် ဆေးလူမှု လုပ်ငန်းလမ်းညွှန်(မူကြမ်း) ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။