Training on Patient Safety ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

          

ကုသရေးဦးစီးဌာန၊ ပြည်သူ့ဆေးရုံများ ကုသမှုအရည်အသွေးမြှင့်တင်ရေးစီမံချက် မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် Training on Patient Safety ကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် နံနက် ၉:၀၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုသရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသို့ တက်ရောက်လာ ကြသည့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ် ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစိုးဦးမှ အဖွင့်အမှာစကား ပြောကြားရာတွင် – မြို့နယ်ကုသရေးဦးစီးဌာနမှူးများ၊ တိုက်နယ်ဆရာဝန်များအနေဖြင့် မိမိတို့၏ လုပ်ငန်းဌာနအသီးသီး၌ ရရှိလာသည့် အခြေအနေနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်နေကြသည် ကို အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးရုံစီမံခန့်ခွဲမှု/ကုသမှုများ ဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်းဆုံး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းလိုပါအကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူများအနေနဲ့ အရည်အသွေး ပိုမိုပြည့်ဝစွာ တိုးမြှင့် ဆောင်ရွက် နိုင်ရန်နှင့် ကျန်းမာရေးပြဿနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် တိုးတက်နေသည့် ကျန်းမာရေးဆိုင်ရာ အသိအမြင်၊ အတတ်ပညာ ဗဟုသုတများ လိုအပ်သကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှုခံယူရာတွင် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အပြန်အလှန် ရောဂါကူးစက် တတ်ခြင်းမှ ကာကွယ်ရန်၊ သွေးသွင်းခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ခွဲစိတ်ကုသခြင်း စသည်တို့၏ နောက်ဆက်တွဲ ပြဿနာများမှ စုပေါင်း ကာကွယ် နိုင်ကြရန် စသည့် လူနာဘေးကင်းလုံခြုံမှု (Patient Safety) ရှိစေရန်လည်း လိုအပ်ပါကြောင်း၊ လူနာဘေးကင်းလုံခြုံမှု (Patient Safety) သည် ကျန်းမာရေး ကဏ္ဍအတွက် အလွန်အရေးကြီးပြီး Universal Health Coverage ရရှိရေးအတွက်ဆောင်ရွက်ရာတွင်လည်း မဖြစ်မနေ အလေးပေးဆောင်ရွက်ရမည့် ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံများနဲ့ တိုက်နယ် ဆေးရုံများကို အများဆုံး အားကိုးအားထားပြုနေရတာကြောင့် ကာကွယ်နိုင်သည့် ဆေးကုသမှု ဆိုင်ရာ ဘေးအန္တရာယ်များ မဖြစ်ပွားစေရန်အတွက် ယနေ့ သင်တန်းမှ ရရှိလာမည့် သင်ခန်းစာ များကို အသုံးချကာ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် Patient Safety အတွက် အဖွဲ့အစည်း/ ကဏ္ဍ အလိုက် မျိုးဆက်သစ်များကိုပါ စည်းရုံးကာ အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
Training on Patient Safety ကို ၂၀၁၉-ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ နှစ်ရက်တာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းသို့ မြို့နယ် ကုသရေးဦးစီးဌာနမှူးများနှင့် တိုက်နယ်ဆရာဝန်များ စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ကြပါသည်။

        
အဆိုပါသင်တန်းတွင် ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က Introduction on Patient Safety ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ပါမောက္ခ(ခွဲစိတ်) ပါမောက္ခဒေါက်တာနော်မာသေးက Safe Surgical Care ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပါမောက္ခ(ဆေးပညာ) ပါမောက္ခဒေါက်တာတင့်တင့်ကြည်က Medication Safety အတွက် ဆွေးနွေးပေးခြင်းဖြင့် လည်းကောင်း၊ ပါမောက္ခ(မေ့ဆေး) ပါမောက္ခဒေါက်တာနုနုမေက Safety in Anaesthesia ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထူးကုဆရာဝန် (အရိုး) ဒေါက်တာမျိုးမင်းဦးက Patient Safety in Orthopaedics ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားသွေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းအောင်ထွန်းက Hazards of Transfusion ခေါင်းစဉ်ဖြင့် လည်းကောင်း၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ကျွမ်းကျင်သူ/ ဆေးရုံအုပ်ကြီး(ငြိမ်း) ဒေါက်တာပပ က Being an effective team player and showing leadership ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန အထူးကု ဆရာဝန်(အဏုဇီဝ) ဒေါက်တာပန်းအိထွေးက Antimicrobial Resistance (AMR) Updates ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လုပ်ငန်းခွင့်နှင့်ပတ်ဝန်းကျင် ကျန်းမာရေး ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအိမွန်ဝင်းက Health Care Waste Management ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန်(ကုသရေး) ဒေါက်တာအေးမြတ်မွန်က Infection Prevention and Control in Hospitals ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်မွန်သန်းက Adverse Drug Reaction (ADR) reporting system in Myanmar နှင့် Patient Safety Solutions recommended by WHO ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။

       

 

 

Leave a Comment