ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ ပြည်ထောင်စုဝန်ကြီးထံလာရောက်တင်ပြ

 

ရန်ကုန်၊ ဖေဖော်ဝါရီလ (၂၄) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၂၃) ရက်နေ့၊ နေ့လယ်​ပိုင်းတွင် ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများက လာရောက်တင်ပြခဲ့မှုကို ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ရိပ်သာ၌ လက်ခံတွေဆုံခဲ့ပါသည်။

ရှေးဦးစွာ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက် မှ စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းက တင်ပြရှင်းလင်းရာတွင် –

• ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန် စုစုပေါင်း မြို့နယ် (၇)မြို့နယ်တွင် ဝက်သက်ရောဂါ ကူးစက်ပြန့်ပွားမှု များပြားခဲ့မှုကြောင့် အဆိုပါမြို့နယ်များတွင် ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အဆိုပါမြို့နယ်များမှ ဝက်သက်ရောဂါကာကွယ်ဆေး လုံ​လောက်​စွာ ထိုးနှံထားခြင်းမရှိသူများတွင် ဝက်သက်ရောဂါဖြစ်ပွားခြင်းပါကြောင်း၊

• ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံမှုကို အဆိုပါ မြို့နယ်များမှ ပြည်သူများထံသို့ သတင်းစာများမှ တဆင့်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တဆင့် ဖိတ်စာများဖြင့်လည်းကောင်း၊ စေတနာ့ဝန်ထမ်း လူထုကျန်းမာရေးလုပ်သားများမှ ကာကွယ်ဆေးထိုးနှံမည့် ရပ်ကွက်များတွင် အသံချဲ့စက်များ အသုံးပြု၍ လည်းကောင်း အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးအသိပညာများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးတိုက်ကျွေးခြင်း အစီအစဉ်ဇယားတို့ကိုလည်း ဖြန့်ဝေပေးအပ်လျက်ရှိပါကြောင်း၊

• ကွင်းဆင်းကြီးကြပ် ပံ့ပိုးမှုလုပ်ငန်းများကို ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်/ မြို့နယ်အဆင့်တာဝန်ရှိသူများမှ WHO၊ Unicef တို့နှင့် ပူးပေါင်း၍ တာဝန်ခွဲဝေဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းအပ်လက်ခံရာတွင် ကာကွယ်ဆေးများ ထိုးနှံထားရှိမှု ရှိ/ မရှိနှင့် ထိုးနှံထားခြင်းမရှိသော ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက် သွားရန် စီစဉ်လျက်ရှိပါကြောင်းနှင့် ဝက်သက် – ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်း အစုလိုက်ထိုးနှံထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က ဝက်သက်ရောဂါ ဓာတ်ခွဲစမ်းသပ်မှုကိစ္စရပ်များဆောင်ရွက်ထားရှိမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် –

• အဆိုပါမြို့နယ်များမှ ဝက်သက်ရောဂါဖြစ်ပွားမှုများကို အခြေပြမြေပုံ (mapping) များရေးဆွဲခြင်းနှင့် ကာကွယ်ဆေးလာရောက်ထိုးနှံမှု စာရင်းဇယားများ စနစ်တကျပြုစုခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ကာကွယ်ဆေးများ၏ စွမ်းရည်ပြည့်ဝအကျိုးထိရောက်မှုများကို မျက်ခြေမပြတ်စေရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် ကာကွယ်ဆေးဖြင့်ကာကွယ်နိုင်သော ရောဂါများဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဆိုင်ရာ နှစ်အလိုက် စာရင်းဇယားနှင့် သတင်းအချက်အလက် များကို စိစစ်သုံးသပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း (analyze and evaluate) များပြုလုပ်ရမည်ဖြစ်ကြောင်းနှင့်

• ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့် ဓာတ်ခွဲစမ်းသပ်မှုလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်များဖြစ်ကြသော ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဒေါက်တာသာထွန်းကျော်၊ ခေတ္တညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦး၊ ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာဝင်းသိန်း၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

 

 

Leave a Comment